Tuesday, September 1, 2026

Doctrinal and Non-doctrinal Legal Research

စာပေအခြေပြု ဥပဒေသုတေသန (Doctrinal legal research) နှင့်
စာပေ-အခြေမပြု ဥပဒေသုတေသန (Non-doctrinal legal research)
=============


၁။ သဘောတရား၊ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပင်မဦးတည်ရည်ရွယ်ချက်
*********************
• စာပေအခြေပြု ဥပဒေသုတေသန (Doctrinal Legal Research)။ ။ ဆိုတာ "ဥပဒေအတွင်း သုတေသနပြုခြင်း" (research in law) သို့မဟုတ် "စာပေအဖြစ်ရှိပြီးဖြစ်သော၊ ပုံနှိပ်ထုတ်ဝေပြီးသော ဥပဒေပြဋ္ဌာန်းချက်များကို သုတေသနပြုခြင်း" (black-letter research) ဖြစ်တယ်။ ၎င်းဟာ ဥပဒေစည်းမျဉ်း (legal rules)၊ မူများ (principles)၊ သဘောတရားများ (concepts) သို့မဟုတ် ဝါဒများ (doctrines) အပေါ် အာရုံစိုက်တာဖြစ်တယ်။ ပင်မရည်ရွယ်ချက်က ဥပဒေကို ရှင်းလင်းစေရန်၊ ဥပဒေစံနှုန်းများအကြား ပဋိပက္ခများကို ဖြေရှင်းရန် နဲ့ ဥပဒေဆိုလိုချက်များကို စနစ်တကျ ချိတ်ဆက်စုစည်းရန်ဖြစ်တယ်။ ၎င်းက, “ဥပဒေသည် လိုက်နာရမည့် စံနှုန်းများကို သတ်မှတ်ပေးသည့် စံသတ်မှတ်ချက်ဆိုင်ရာ သိပ္ပံပညာ” ( law is a normative science that sets binding standards of conduct.) ဖြစ်တယ်လို့ ယူဆတယ်။
• စာပေ-အခြေမပြု ဥပဒေသုတေသန (Non-Doctrinal Legal Research)။ ။ ဆိုတာ "ဥပဒေအကြောင်း သုတေသနပြုခြင်း" (research about law) သို့မဟုတ် "လူမှု-ဥပဒေဆိုင်ရာ သုတေသန" (socio-legal research) ဖြစ်တယ်။ ၎င်းက, ဥပဒေကို လူမှုရေးဆိုင်ရာ ဖြစ်စဉ်တစ်ခုအဖြစ် သဘောထားပြီး ဥပဒေသဘောတရားသက်သက်ထက်၊ ဥပဒေနဲ့ပြည်သူများ၊ ဥပဒေနဲ့လူမှုရေးတန်ဖိုးများ၊ ဥပဒေနဲ့လူမှုအဖွဲ့အစည်းများအကြား ဆက်ဆံရေးတို့ကို အာရုံစိုက်လေ့လာတာဖြစ်တယ်။ ၎င်းရဲ့ ပင်မလုပ်ငန်းက "လက်တွေ့ကျင့်သုံးနေသော ဥပဒေ" ရဲ့ လှုပ်ရှားပြောင်းလဲနေသော “လုပ်ဆောင်လည်ပတ်မှု” ကို လေ့လာတာ ဖြစ်တယ် (Its primary concern is the dynamic operation of "law-in-action")။ ၎င်းက, ဥပဒေဆိုင်ရာ စိတ်ကူးမျှော်မှန်းချက် (ဥပဒေက ရည်ရွယ်သည်များ) နဲ့ လူမှုရေးလက်တွေ့ဘဝ (လက်တွေ့တွင် မည်သို့လည်ပတ်နေသည်) အကြားရှိ "ကွာဟချက်" ကို စုံစမ်းစစ်ဆေးရန် ကြိုးပမ်းတယ်။ (It seeks to investigate the "gap" between legal idealism (what the law intends) and social reality (how it actually operates))

၂။ သုတေသနဝန်းကျင်နှင့် စုံစမ်းစစ်ဆေးမှုကိရိယာများ
*******************
• စာပေအခြေပြု ဥပဒေသုတေသန (Doctrinal Legal Research)။ ။ က, ဥပဒေစာကြည့်တိုက် (စာအုပ်စာတမ်းများ) အတွင်း အဓိကဆောင်ရွက်တဲ့အတွက် "စားပွဲထိုင် သုတေသန" (arm-chair research) သို့မဟုတ် "စာကြည့်တိုက်အခြေပြု သုတေသန" (library research) လို့ မကြာခဏ ရည်ညွှန်းကြတယ်။
o သုတေသနပြုသူက၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution)၊ ဥပဒေပြဋ္ဌာန်းချက်များ ( statutory materials - နည်းဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားချက်များ) နဲ့ အထက်တရားရုံးတွေရဲ့ အမိန့်ဒီကရီ မှတ်တမ်းများ၊ စီရင်ထုံးများ (precedents) အပါအဝင် ပင်မဥပဒေရင်းမြစ်များ (primary legal sources) ကို အသုံးပြုပြီး သုတေသနပြုတာဖြစ်တယ်။ ဒါ့အပြင် ကျောင်းသုံးစာအုပ်များ၊ ကျမ်းများ၊ ဥပဒေရှင်းလင်းချက်များ၊ ဥပဒေဂျာနယ်များကဲ့သို့သော ဒုတိယရင်းမြစ်များ (secondary sources) ကိုလည်း အသုံးပြုတယ်။
• စာပေ-အခြေမပြု ဥပဒေသုတေသန (Non-Doctrinal Legal Research)။ ။ မှာ, အချက်အလက်တွေကို ကွင်းဆင်းကောက်ယူဖို့၊ သုတေသနသမားက, စာကြည့်တိုက်က ထွက်ပြီး ဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက် "စာကြည့်တိုက်ပြင်ပ သုတေသန" (non-library research) သို့မဟုတ် "လက်တွေ့ တွေ့ရှိချက်အခြေပြု သုတေသန" (empirical research) လို့ ခေါ်ဆိုကြတာဖြစ်တယ်။
o ၎င်း သုတေသနပုံစံမှာ, အင်တာဗျူးများ (interviews)၊ မေးခွန်းလွှာများ (questionnaires)၊ ဇယားများ (schedules) နဲ့ စနစ်တကျ လေ့လာစောင့်ကြည့်ခြင်း (systematic observation) တို့လို လူမှုသိပ္ပံဆိုင်ရာ အချက်အလက်ကောက်ယူရေး နည်းလမ်းများကို အသုံးပြုတယ်။ လူဦးရေသန်းခေါင်စာရင်းများ အစီရင်ခံစာများ သို့မဟုတ် လူမှုဗေဒစာပေများကဲ့သို့သော ဥပဒေမဟုတ်တဲ့ စာရွက်စာတမ်းများကိုလည်း အသုံးပြုတယ်။

၃။ ပင်မသုတေသနနည်းလမ်းများနှင့် အကြောင်းပြချက်ထုတ်ယူမှု
**************************
• စာပေအခြေပြု ဥပဒေသုတေသန (Doctrinal Legal Research)။ ။ မှာ, ဆန်းစစ်လေ့လာမှုဆိုင်ရာ (analytical)၊ သမိုင်းဆိုင်ရာ (historical) သို့မဟုတ် နှိုင်းယှဉ်ချက်ဆိုင်ရာ (comparative) သုတေသနနည်းလမ်းများ (methodologies) အပေါ် မှီခိုတယ်။ ၎င်းရဲ့ အဓိက ဉာဏ်ပညာလက်နက်က ဥပဒေကြောင်းအရ ကျိုးကြောင်းဆက်စပ် ဆင်ခြင်ခြင်း (legal reasoning) သို့မဟုတ် ယုတ္တိဗေဒဆိုင်ရာ ဆွဲထုတ်သုံးသပ်မှု (rational deduction) ဖြစ်တယ်။ သုတေသီဟာ ထုံးတမ်းစဉ်လာ ဥပဒေစာပေများကနေ၊ အသစ် အသစ်သော စည်းမျဉ်းများ မူများကို ထုတ်ယူဖို့ Deductive Logic နဲ့ ဝေဖန်ပိုင်းခြားနိုင်သော အကြောင်းပြချက်ထုတ်ယူမှုနည်းလမ်း တွေကို အသုံးပြုတယ်။
• စာပေ-အခြေမပြု ဥပဒေသုတေသန (Non-Doctrinal Legal Research)။ ။ မှာ, လူမှုသိပ္ပံ သုတေသနနည်းလမ်းတွေနဲ့ သဘောတရားဆိုင်ရာ အခင်းအကျင်းများ (conceptual frameworks) ကို အသုံးပြုတယ်။ ၎င်းက, အများအားဖြင့် လူတို့ရဲ့ အပြုအမူနဲ့ ပတ်သက်တဲ့ ယာယီအယူအဆ (working hypothesis) နဲ့ စတင်လေ့ရှိပြီး ယင်းကို သက်သေပြရန် သို့မဟုတ် ငြင်းဆိုရန် လက်တွေ့ တွေ့ရှိချက်အခြေပြု(empirical), ပမာဏအခြေပြု (quantitative) သို့မဟုတ် အရည်အသွေးအခြေပြု (qualitative) အချက်အလက်တွေကို အသုံးပြုတယ်။

၄။ ဦးတည်သူ နှင့် လက်တွေ့အသုံးဝင်မှု(Target Audience and Practical Utility)
************************
• စာပေအခြေပြု ဥပဒေသုတေသန (Doctrinal Legal Research)။ ။က, အဓိကအားဖြင့် ဥပဒေဆိုင်ရာ မေးခွန်းတွေအတွက်၊ မြန်ဆန်ပြီး ခိုင်မာတိကျသော အဖြေများကို ပေးခြင်းဖြင့်၊ ဥပဒေကို နေ့စဉ် ကိုင်တွယ်ကျင့်သုံးနေတဲ့ ဥပဒေကျွမ်းကျင်ပညာရှင်များ (တရားသူကြီးများ၊ ရှေ့နေများ၊ ရှေ့နေလိုက်ပေးသူများနှင့် အစိုးရရှေ့နေများ) သာပါဝင်သော အကန့်အသတ်ရှိတဲ့ ပရိသတ်ကို အဓိက ဦးတည်တယ်။
• စာပေ-အခြေမပြု ဥပဒေသုတေသန (Non-Doctrinal Legal Research)။ ။ ကတော့, မူဝါဒချမှတ်သူများ၊ ဥပဒေပြုလွှတ်တော်များနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မဲ့ အဖွဲ့အစည်းတွေအတွက် အရေးကြီးတဲ့ အချက်အလက်တွေကို ပေးတယ်။ ၎င်းက, လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အတားအဆီးတွေကို ဖော်ထုတ်ပေးပြီး၊ တချို့ ဥပဒေတွေဟာ ဘာကြောင့် “ဖေါ်ရှိုး၊ ပြစား၊ မည်ကာမတ္တ” ဖြစ်နေရတယ်ဆိုတာကို ဖော်ပြပေးပြီး၊ သက်ဆိုင်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မီးမောင်းထိုးပြခြင်းဖြင့် ပိုမိုတိုးတက်ကောင်းမွန်သော ဥပဒေပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုပေးတယ်။ သို့သော် ၎င်းက, စာပေအခြေပြုသုတေသနထက် အချိန်နဲ့ ကုန်ကျစရိတ် ပိုမိုများပြားတယ်။

နည်းလမ်းနှစ်ခုအကြား အပြန်အလှန် ဆက်စပ်မှု
************************
စာပေ-အခြေမပြုသုတေသနက၊ စာပေအခြေပြုသုတေသနကို အစားထိုးမရနိုင်ဘဲ ၎င်းကို ပံ့ပိုးဖြည့်ဆည်းပေးခြင်းသာဖြစ်တယ်။ သုတေသီတစ်ဦးဟာ၊ လူမှု-ဥပဒေဆိုင်ရာ လေ့လာမှုတစ်ခုကို အောင်မြင်စွာ ပုံစံထုတ်ဖို့ သို့မဟုတ် ခိုင်မာသော ယာယီအယူအဆတစ်ခုကို ဖော်ထုတ်ဖို့အတွက်၊ စာပေအခြေပြု ဥပဒေသုတေသနပေါ်မှာ အခြေခံထားတဲ့ ခိုင်မာတဲ့ အုတ်မြစ်ရှိရမှာဖြစ်တယ်။ အရေးကြီးတဲ့အချက်က၊ လက်တွေ့အချက်အလက်မပါတဲ့ သီအိုရီဆိုင်ရာ သုတေသနမျိုးဟာ "အကာပြဲ့ပြဲ့ အနှစ်မဲ့ ဟောင်းလောင်းပေါက်" (hollow) ဖြစ်ပြီး၊ စာပေအခြေပြု သီအိုရီ အထောက်အပံ့မပါတဲ့ လက်တွေ့တွေ့ရှိချက်အခြေပြု လူမှု-ဥပဒေဆိုင်ရာ သုတေသနမျိုးကလဲ၊ "အပေါ်ယံဆန် ပါးလွန်း တိမ်လွန်း (shallow)” တယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.